ကြေကွဲစရာထဲမှအလှတရား
Description
အင်္ဂလန်နိုင်ငံ၏လှပသော လိတ်ခ် ခရိုင်(Lake District)ရှိ ခေါ်နစ်(စ်)တန် ဝေါထာ (Coniston Water) သည် ယူကေ (UK) နိုင်ငံရှိ မိသားစုများ၏ အနှစ်သက်ဆုံး အပန်းဖြေနေရာတစ်ခုဖြစ်ပြီး၊ လှေစီးခြင်း၊ ရေကူးခြင်းနှင့် အခြားသော ရေပြင်အားကစားနည်းများလုပ်ဆောင်ရန် သင့်လျော်ကောင်းမွန်သည်။ သို့သော် ထိုလှပသောနေရာသည် ကြေကွဲစရာနေရာတစ်ခုလည်းဖြစ်သည်။ ၁၉၆၇ ခုနှစ် တွင် ဒေါ်နယ်ခန့်ဘယ် (Donald Campbell)သည် သူ၏ ရေပေါ်ရှပ်ပြေးယာဉ် ဘလူးဘတ်ဒ်ကေဆဲဗင်း (Bluebird K7)ကို မောင်းနှင်ပြီး ကမ္ဘာ့ရေလွှာအမြန်နှုန်းစံချိန်ကိုချိုးရန် ကြိုးစားခဲ့သည်။ သူသည် အမြင့်ဆုံးမြန်နှုန်း ၃၂၈ မိုင်နှုန်း (၅၂၈ ကီလိုမီတာနှုန်း)သို့ ရောက်ရှိခဲ့သော်လည်း ရှပ်ပြေးယာဥ်တိုက်မိပြီး သေဆုံးသွားခြင်းကြောင့် အောင်မြင်မှုအတွက် ဂုဏ်မယူနိုင်ခဲ့ပေ။
လှပသောနေရာများတွင် ကြေကွဲဖွယ်အခိုက်အတန့်များ ဖြစ်ပေါ်နိုင်သည်။ ကမ္ဘာဦးကျမ်း ၂ တွင် ဖန်ဆင်းရှင်သည် “လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုနေစေခြင်းငှာ ထားတော်မူ၏”(:၁၅)။ ဥယျာဉ်သည် လက်ရာမြောက်သော်လည်း ဤသုခဘုံတွင် နေရာကျသော ယောက်ျားနှင့်မိန်းမသည် ဘုရားသခင်ကို မနာခံဘဲ ဖန်ဆင်းခြင်းလောကထဲသို့ အပြစ်နှင့်သေခြင်းကို ယူဆောင်လာသည် (၃:၆-၇)။ ယနေ့တွင်၊ ထိုသူတို့၏ဝမ်းနည်းဖွယ်ရွေးချယ်မှုကြောင့် ပျက်စီးစေသောအကျိုးဆက်ကို ကျွန်ုပ်တို့ ဆက်လက်မြင်နေရသည်။
သို့သော် အပြစ်၌ သေလျက်နေသော ကျွန်ုပ်တို့ကို အသက်ကမ်းလှမ်းရန် သခင်ယေရှုကြွလာခဲ့သည်။ ထိုအကြောင်းကို ရည်ညွှန်းလျက် တမန်တော်ရှင်ပေါလုက “တစ်ယောက်သောသူ (အာဒံ)သည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ တစ်ယောက်သောသူ(ယေရှုခရစ်)သည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရ ကြ၏”(ရော ၅:၁၉)ဟု ရေးသားခဲ့သည်။ ရှင်ယေရှုကြောင့်၊ ကျွန်ုပ်တို့အား အလှပဆုံးသောအိမ်သည် စောင့်ကြိုနေပါသည်။
အလှတရားထဲမှ ကြေကွဲစရာထွက်ပေါ်လာသည်။ ထိုမှ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်၊ ကြေကွဲစရာမှ ထာဝရအလှတရား ထွက်ပေါ်လာခဲ့သည်။
သင်မည်သည့်အချိန်တွင် မြင်ဖူးပါသနည်း။ ထိုအဖြစ်အပျက်ကို သင်မည်သို့တုံ့ပြန်သနည်း။
လူနှင့်လူမိန်းမတို့အတွက် နေစရာအိမ်အဖြစ် ဧဒင်ဥယျာဥ်ကို ဖန်ဆင်းရှင်က တန်ဆာဆင်ပုံဖော်ခဲ့သည်။ (ကမ္ဘာဦးကျမ်း ၂-၃)။ ဘုရားသခင်ထံသို့ လွတ်လပ်စွာဝင်ရောက်နိုင်ခြင်း အပါအဝင် ၎င်းတို့လိုအပ်သမျှ အရာအားလုံး ဧဒင်ဥယျာဥ်၌ရှိသည်။ သို့တိုင် သူတို့၏မနာခံမှုကြောင့် ထိုအိမ်မှ နှင်ထုတ်ခြင်းခံခဲ့ရသည် (၃း၂၄)။ သို့သော် သခင်ယေရှုသည် သူ၏နောက်တော်လိုက်များအတွက် ပိုမိုကောင်းသောအိမ်ကို ပြင်ဆင်ပေးမည်ဟု ကတိတော်ပေးထားပြီး(ရှင်ယောဟန်ခရစ်ဝင် ၁၄း၁-၄)၊ ဗျာဒိတ်ကျမ်းတွင် “ကောင်းကင်မှ ကြီးသောအသံကား၊ ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့် အတူရှိနေ၍ သူတို့၏ဘုရားသခင် ဖြစ်တော်မူမည် “ (၂၁း၃)ဟု ရှင်ယောဟန်က ဖော်ပြခဲ့သည်။ ဧဒင်ဥယျာဥ်မှာကဲ့သို့ ထိုနေစရာအိမ်နှင့်ပတ်သက်၍ အကြီးမြတ်ဆုံးအကြောင်းချင်းရာမှာ အိမ်၏အလှအပ (သို့) အိမ်မှဖြည့်ဆည်းပံ့ပိုးပေးသည့်အရာများ မဟုတ်ဘဲ၊ “ဘုရားသခင်ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေခြင်း”(း၃)ဟူသည့် ဘုရားသခင်၏တည်ရှိခြင်း မျက်မှောက်တော်သာ အမြတ်ဆုံးဖြစ်ပေသည်။