တိုက်ဆိုင်မှုနှင့်ဘုရားသခင်၏ကရုဏာတော်
Description
မနီလာမြို့ရှိ ဒန်တီ(Dante)၏ အိမ်အနီးဝန်းကျင်တစ်ဝိုက်တွင် မိုးကြီးပြီး ရေကြီး ရေလျှံလေ့ရှိသည်။ မိုးရွာသောနေ့များတွင် ကလေးများသည် အိမ်နီးချင်းတစ်ဦး၏ လမ်းညွှန်ကူညီမှုဖြင့် ယာယီသစ်သားတံတားကို ဖြတ်ကျော်ပြီး၊ ကျောင်းသွားကြရသည်။ “မစ္စတာသောမတ်စ်ဟာ ပတ်ဝန်းကျင်အနီးအနားက လူတွေကို အကူအညီပေးတယ်။ ကျွန်တော့်ကိုလည်း တံတားပေါ်မှာ လမ်းညွှန်ကူညီပေးခဲ့သလို မိုးရေမစိုအောင်လည်း ကာကွယ်ပေးခဲ့ပါတယ်”ဟု ဒန်တီက ပြောသည်။
နှစ်များကြာပြီးနောက်၊ ဒန်တီသည် မနီလာမြို့မြောက်ဘက်ရှိ အသင်းတော် တစ်ပါး၌ ပါဝင်ခဲ့ပြီး၊ ကျမ်းစာလေ့လာခြင်းအဖွဲ့ခေါင်းဆောင် လီယိုက သူလိုအပ်သော အကြံဉာဏ်ကောင်းများပေးခဲ့သည်။ ငယ်ဘဝအကြောင်းများကို သူတို့အချင်းချင်း အပြန်အလှန်ပြောဆိုကြရင်း လီယို မှာ မစ္စတာသောမတ်စ်၏သားဖြစ်မှန်း ဒန်တီသိခဲ့ရသည်။ ဒန်တီက “ဒီလောက် တိုက်ဆိုင်တာမျိုး မရှိနိုင်တော့ဘူး။ လေးစားဖွယ်ကောင်းပြီး ကျွန်တော့်ကို ကူညီပေးခဲ့သူရဲ့သားဟာ အခုလည်း ကျွန်တော်ရဲ့ ဝိညာဉ်ရေးရာ ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး အကူအညီပေးဖို့ ဘုရားအသုံးပြုခဲ့တယ်”ဟု ပြောခဲ့သည်။
ရှုနင်မြို့မှ အမျိုးသမီးတစ်ဦးသည်လည်း ဘုရား၏ပံ့ပိုးဖြည့်ဆည်းပေးမှုကို ထိုကဲ့သို့ပင် တွေ့ကြုံခံစားခဲ့ရသည်။ သူမသည် ယုံကြည်ခြင်းဖြင့် ပရောဖက် ဧလိရှဲ၏ အကြံကို နာခံလျက် အစာရေစာခေါင်းပါးခြင်းကိုရှောင်ရှားနိုင်ရန် အိမ်ကိုစွန့်ခွာခဲ့သည်(၄ ရာ ၈:၁-၂)။ ထိုအခါ သူမပိုင်ဆိုင်သည့်မြေနှင့်အိမ်တို့မှာ မင်းဘဏ္ဍာအဖြစ် အသိမ်းခံခဲ့ရသည်။ သူမပြန်ရောက်ရှိလာသောအခါ ထိုအရာများကို ပြန်လည်ရရှိရန် ရှင်ဘုရင်ထံ တောင်းခံခဲ့သည်။ ထိုအချိန်၌ မင်းကြီးသည် သူမ၏ကိစ္စနှင့်ပတ်သက်၍ ဧလိရှဲ၏ကျွန် ဂေဟာဇိနှင့်စကားပြောဖြစ်သည်။
ထိုနှစ်များမတိုင်မီက ထိုအမျိုးသမီး၏ ဆုံးပါးသွားသောသားကို သေခြင်းမှ ပြန်ရှင်စေသောဖြစ်ရပ်ကို ဂေဟာဇိ မြင်တွေ့ခဲ့ဖူး သည်။ ဂေဟာဇိက“အရှင် မင်းကြီး၊ ဤမိန်းမကား ယခုပြောသောမိန်းမ၊ ဤသူငယ်ကား ဧလိရှဲအသက်ရှင်စေသောသူငယ်ဖြစ်ပါသည်ဟုလျှောက်”လေသည်(:၅)။ ရှင်ဘုရင်သည်လည်း သူ၏အမှုကိုစောင့်စေခြင်းငှာ အရာရှိတစ်ယောက်ကိုခန့်လျက် (:၆) သူမ၏ဥစ္စာများကို ပြန်ပေးစေခဲ့သည်။
မိမိကြံစည်ထားသည့်အတိုင်း ဖြစ်မလာချိန်များ၌ပင် ဘုရားသခင်နှင့် သူ၏ ဂရုပြုမှုကို ကျွန်ုပ်တို့ယုံကြည်နိုင်ပါသည်။
ထိုအဖြစ်အပျက်က ဘုရားရှင်၏ဂရုစိုက်မှုအကြောင်းကို မည်ကဲ့သို့ဖော်ပြနေသနည်း။
ဘုရားသခင်သည် ခက်ခဲသောအချိန်များသာ ကျွန်ုပ်တို့ကို ဂရုပြုမည်ဟု ကန့်သတ်ထားခြင်းမရှိသော်လည်း ထိုအချိန်များတွင် မကြာခဏ ကျွန်ုပ်တို့သည် အပြင်းထန်ဆုံးခံစားကြရသည်။ ရှူနင်မြို့သူ အမျိုးသမီးနှင့် သူမ၏ မိသားစုသည် အထူးဂရုပြုမှု နှစ်ထပ်နှစ်ခါခံစားခဲ့ကြရသည်။ ပထမတစ်ကြိမ်မှာ သူမနှင့်သူမ၏မိသားစုတို့ ကျရောက်လာတော့မည့် အစာခေါင်းပါးမှုမှ လွတ်မြောက်စေရေး အစားအစာတွေ့ရှိနိုင်သောနေရာသို့ သွားရောက်ရန် ဧလိရှဲ၏ သတိပေးချက်ဖြစ်သည်(ဓမ္မရာဇဝင်စတုတ္ထစောင် ၈း၁-၂)။ ဒုတိယအကြိမ်မှာ သူမတို့ ဣသရေလနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသောအခါ ယခင်က ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများနှင့် ဆုံးရှုံးသွားခဲ့သော သူမ၏မြေ၌ ဖြစ်ထွန်းသမျှကို ပြန်ရစေသည့်အကြောင်းဖြစ်သည်(း၆)။ ရှူနင်မြို့သူတို့သားအမိ ရှင်ဘုရင်ထံသို့ ချဥ်းကပ်ရန် ဘုရားသခင်ပြင်ဆင်ပေးသောအခိုက်အတန့်သည် ၎င်းတို့အပေါ် ဘုရားသခင်၏ဖြည့်ဆည်း ထောက်ပံ့ပေးခြင်းအကြောင်းကို ဂေဟာဇိက ရှင်ဘုရင်အား ပြောပြနေသည့် မျက်နှာသာပေးခံရသည့် အခိုက်အတန့်လည်း ဖြစ်သည်(း၃-၆)။ လိုအပ်သောအချိန်ဖြစ်စေ၊ ပြည့်စုံသောအချိန်ဖြစ်စေ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဂရုပြုပါသည်။