ဘုရားသခင်၏နူးညံ့သောဂရုစိုက်မှု
Description
မိခင်က သူမ၏မွေးကင်းစကလေးငယ်ကို ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားပြီး၊ သူမနှင့်အတူ ဆေးရုံသို့ ကျွန်မလိုက်သွားကာ မွေးကင်းစကလေးငယ် အထူးကြပ်မတ် ကုသဆောင်ဌာနတွင် ထိုင်စောင့်နေခဲ့သည်။ နည်းပညာအဆင့်မြင့် ဆေးဘက်ဆိုင်ရာဌာနတွင် ဆရာဝန်များက ကလေးငယ်၏ကျန်းမာရေးကို မြှင့်တင်ရန်နှင့် အားကောင်းစေရန် အလွန်ရိုးရှင်းသောညွှန်ကြားချက်ကို အကြံပြုထောက်ခံခဲ့သည်။ ထိုညွှန်ကြားချက်မှာ အသစ်စက်စက်မိခင်သည် သူမ၏သမီးငယ်ကို ရိုးရိုးလေး ပွေ့ချီသည့်အချိန်ကို တိုး၍ကြာကြာချီထားရန် ဖြစ်သည်။
ကလေးငယ်တစ်ဦးအား သက်သာစေသော နှစ်သိမ့်မှုမျိုးကိုပေးရန်မှာ မိဘ၏ ကြီးမားသောချစ်ခြင်းမေတ္တာနှင့် နူးညံ့သောကရုဏာမှတစ်ပါး အခြားမရှိပါ။ ဤသို့ အားကြီးသောပုံရိပ်မျိုးကို ဘုရားသခင်နှင့်သူ၏လူမျိုးများအား ပုံဖော်ထားသည့် ပရောဖက်ဟေရှာယ၏အနာဂတ္တိကျမ်းတွင် တွေ့နိုင်ပါသည်။
ဣသရေလလူမျိုးများသည် ဘုရားသခင်ကို ငြင်းပယ်သောကြောင့် ပြည်နှင်ဒဏ်ခံရမည်ဖြစ်ကြောင်း ပရောဖက်ပြုထားသည့်တိုင် (ဟေရှာယ၃၉:၅-၇) ဘုရားသခင်သည် သူတို့အား ချစ်သေးကြောင်းနှင့် အမြဲထောက်ပံ့မည်ဖြစ်ကြောင်း ဣသရေလလူမျိုးများအား ဟေရှာယပြောကြားခဲ့သည်။ ချစ်ခင်တတ်သောဖခင်ပမာ သူ၏ သိုးသူငယ်တို့ကို ချီ၍ ပွေ့ပိုက်တော်မူသည့် သိုးထိန်းအဖြစ် လှပစွာတင်စားသည့် ဥပမာတွင် ဘုရားသခင်၏သနားညှာတာမှုနှင့် လုံခြုံသည့် ဂရုစိုက်မှုတို့ကို ထင်ရှားစွာ တွေ့နိုင်သည်(၄၀:၁၁)။
ဘုရားသခင်၏တည်ရှိမှုသည် ကျွန်ုပ်တို့အား ငြိမ်းချမ်းမှုနှင့်အကာအကွယ်ကို ပေးစွမ်းနိုင်ပြီး၊ မွေးကင်းစကလေးငယ်နှင့်သူ၏မိခင်ကဲ့သို့ ကိုယ်တော်သည် ကျွန်ုပ်တို့အား သူ၏နှလုံးသားနှင့် နီးကပ်စွာ ပွေ့ချီထားကြောင်း အမှတ်ရစေသည်။ “ထိုဘုရားသည် မောသောသူတို့အား ခွန်အားကို ပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့်ပြည့်စုံသောအခွင့်ကိုပေးတော်မူ”သောကြောင့် (ငယ်၂၉)၊ ဝိညာဉ်တော်၏ သက်သာဖွယ်နှစ်သိမ့်ကုစားပေးမှုသည် နေ့ရက်တိုင်း ၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင်စေတော့သည်။
တွေးမိတိုင်း သင့်စိတ်ထဲ မည်သည့်အရာ ဝင်ရောက်လာသနည်း။
ဘုရားသခင်၏ကာကွယ်ပေးမှုနှင့် ချစ်ခြင်းကရုဏာတို့သည် သင့်အား မည်သို့ခိုင်ခံ့စေသနည်း။
နီးကပ်စွာ ထားရှိသည့်အတွက် အလွန်ကျေးဇူးတင်ပါ၏။
ဟေရှာယအနာဂတ္တိကျမ်း ၄၀ သည် ဤကျမ်းစောင်၏အရွေ့အပြောင်းတစ်ခုဖြစ်သည်။ အခန်းကြီး ၁ မှ ၃၉ ထိ သည် ယုဒလူမျိုးတို့၏အခြေအနေနှင့် (အရိပ်အမြွက်ဖော်ပြသည့်)၎င်းတို့ကို စီရင်ခြင်းအကြောင်းကို အဓိကဖော်ပြထားသည်။ ၎င်းတို့သည် မောရှေအားဖြင့် ၎င်းတို့နှင့် ဘုရားသခင်တို့ပြုသော ပဋိညာဥ်ကို အဖန်တစ်လဲလဲ ကျူးလွန်ချိုးဖောက်ကြသည်။ယခုတွင် ဟေရှာယ၏ ပြောကြားချက်များက အလွန်အံ့အားသင့်ဖွယ် ပြောင်းလဲသွားသည်။ အခန်းငယ် ၁၀ တွင် ပါရှိသည့် “ဆုလပ်တော်”သည် မည်သည်ကို ရည်ညွှန်းသနည်း။ ထိုကျမ်းပိုဒ်နှင့်ဆက်စပ်သည့်စကားအသွားအလာက စစ်ရေးဆန်သည်- “ကြည့်ရှုလော့။ အရှင် ထာဝရဘုရားသည် ကြီးသောတန်ခိုးနှင့်ကြွလာ၍ လက်ရုံးတော်အားဖြင့် အစိုးရတော်မူလိမ့်မည်”။ ထို့ကြောင့် ““ဆုလပ်တော်””သည် တိုက်ပွဲမှသိမ်းယူရရှိသည့် ဥစ္စာပစ္စည်းများကို ရည်ညွှန်းခြင်းဖြစ်နိုင်ပါသည်။ တစ်ဖန် “မိမိခံထိုက် တော်မူသောအခ”ဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်၏လူတို့အား ဘုရားရှင်မှ ပြန်လည် တည်ဆောက်သည့် အချိန်တွင် ပေးသနားမည့်ဆု (သို့) ဖိနှိပ်ခဲ့သူတို့အပေါ် ဘုရားရှင် သွန်းလောင်း မည့်အမျက်တော် လက်စားခြေမှု တစ်ခုခု ဖြစ်လိမ့်မည်။ထိုသို့ စစ်ရေးအသုံးအနှုန်းများကိုကိုယ်တော်၏ကရုဏာနှင့် ဆန့်ကျင်ပြီး သုံးနှုန်းမှုများစွာကို ဤအခန်းကြီး၌ တွေ့ရသည်။ နေ့ရက်စဥ်တိုင်း၌ ကျွန်ုပ်တို့ကြုံတွေ့ရသည့် အခက်အခဲ စိန်ခေါ်မှုများတွင် ကျွန်ုပ်တို့ကို ကြီးမားသည့် ကရုဏာနှင့် နှစ်သိမ့်သက်သာစေမှုကို ဖော်ပြနိုင်အောင် မှန်ကန်သင့်လျော်စွာ ဖော်ပြသည့် ဘုရားရှင်၏ခွန်အားက ကိုယ်တော့်ကို မစခဲ့ပါသည်။