ဘုရားသခင်၏အိမ်ပြန်လမ်း
Description
ကားရပ်နားရန်နေရာသို့ မတ်စောက်သောဆင်ခြေလျှောအတိုင်း မောင်းချလာစဥ် ကျွန်မတစ်ကိုယ်လုံး စိုးရိမ်စိတ်များလွှမ်းသွားသည်။ ဤနေရာသို့ ကျွန်မအရင်က ရောက်ခဲ့ဖူးပြီး ထိုအချိန်က လမ်းပျောက်ခဲ့သည်။ သို့သော် ဓာတ်လှေခါးအနီးရှိ တံခါးသို့ လျှောက်သွားရင်း ကျွန်မနှလုံးသား၌ ငြိမ်သက်သောခံစားချက် ဖုံးလွှမ်းသွားသည်။ လမ်းသိပါပြီ။ တံခါးပေါက်မှဝင်ပြီး ဖြတ်လျှောက်ကာ ကျွန်မရှာနေသော ဓာတ်လှေခါးကို တွေ့လိုက်ရပြီးနောက် မကြာခင်မှာပင် ကျွန်မသွားရမည့်နေရာသို့ ရောက်ရှိခဲ့သည်။
ထိုကားပါကင်၏ဝင်္ကပါလမ်းဖွဲ့စည်းပုံကို ဖြတ်လျှောက်ပြီး၊ လမ်းရှာရသော အတွေ့အကြုံက လမ်းပျောက်ခြင်းသည် တစ်ခါတစ်ရံ လမ်းရှာတွေ့အောင် အကူအညီပေးနိုင်သည်ကို သတိပေးသည်။ ပထမအကြိမ် ရောက်ခဲ့စဉ် လမ်းပျောက်ခဲ့ခြင်းကြောင့် အမှားကိုပြန်တွေးကာ မိမိသွားမည့်နေရာသို့ရောက်အောင် ထွက်ရမည့် တံခါးပေါက်ကို သတိရခဲ့တော့သည်။
ပျောက်သောလမ်းကို တွေ့ရှိခြင်းသည် အလွန်ဝမ်းမြောက်ဖွယ်ရာဖြစ် ကြောင်း၊ ၎င်းသည် မှန်ကန်ကြောင်း ယနေ့ဖတ်ရန်ကျမ်းချက်မှ “ပျောက်သောသား” ပုံဥပမာ
အားဖြင့် သိရသည် (လု ၁၅:၂၄)။ နောက်ဆုံးတွင် လောကလမ်းမ၌ လမ်းပျောက်နေသော သားငယ်သည် “သတိရ”လျက် (:၁၇) အိမ်ပြန်ရမည့်လမ်းကို သိခဲ့ပြီး၊ သူစွန့်ချန်ခဲ့သမျှအရာများကို ပြန်အမှတ်ရကာ၊ “ချစ်ခြင်းနှင့်သနားခြင်းကရုဏာ”ခံရသည့်(:၂၀) ဖခင်၏အိမ်သို့ ပြန်လာခဲ့သည်။ ဖခင်ဖြစ်သူက “ငါ့သားသည် အထက်က သေ၏၊ ယခု ရှင်ပြန်၏။ အထက်က ပျောက်၏၊ ယခု တွေ့ပြန်၏”(:၂၄) ဟုဆိုကာ၊ ပျောက်သောသားကို ပြန်လည်တွေ့ရှိသဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သည်။
အကယ်၍ ဝိညာဉ်ရေးရာ၌ ကျွန်မတို့ပျောက်ဆုံးနေပါက၊ ဘုရားသခင်ပေးသနားသည့် ကျွန်မတို့နှင့် အကျွမ်းဝင်ပြီးသား အိမ်ပြန်လမ်းကို ရှာကြည့်ကြပါစို့။ ကိုယ်တော်သည် ကျွန်မတို့အား သူ၏နှစ်သက်ဖွယ် အလင်းနှင့် ကျွန်မတို့ ရှိနေသင့်သည့်နေရာကို ညွှန်ပြနေပါသည်။
ကိုယ်တော်၏အလင်းတော်နောက်သို့ သင်မည်သို့ပြေးလိုက်မည်နည်း။
ကိုယ်တော်၏အလင်းနှင့် ချစ်ခြင်းမေတ္တာဆီသို့ ပြန်လည်ရောက်ရှိရန် မစတော်မူပါ။
ရှင်လုကာခရစ်ဝင် ၁၅ တွင် သခင်ယေရှုသည် ပျောက်သောသိုး(း၁-၇)၊ ပျောက်သောဒင်္ဂါး(း၈-၁၀)၊ ပျောက်သောသား(း၁၁-၃၂) ပုံပမာသုံးခုကို ပြောထားသည်။ တန်ဖိုးရှိသော တစ်စုံတစ်ရာကို ပျောက်ဆုံး၍ လိုက်ရှာခြင်းဖြစ်ကြောင်းကို ကျွန်ုပ်တို့အားလုံး ဆက်စပ်နားလည်နိုင်သည်။ သို့သော် ပျောက်သောသား ပုံပမာသည် သခင်ခရစ်ဝောာ်၏ တရားကိုကြားနာသောသူများအတွက် နားလည်ရခက်နိုင်သည်။ ဖခင်မသေမီ အမွေတောင်းသောသားနှင့် သားအားပြေး၍ကြိုဆိုသောဖခင် ဤအချက်က ထိုခေတ်အချိန်က ယဥ်ကျေးမှုကို ဂရုမစိုက်၊ လျစ်လျူရှုရာရောက်သည်။ သို့သော် ၎င်းသည် အဓိကအချက်ဖြစ်သည်။ ထိုဇတ်လမ်းမှာကဲ့သို့ ဘုရားသခင်သည် မမျှော်လင့်သောတစ်စုံတစ်ရာကို ပြုရန် စောင့်ဆိုင်းနေသည်။ ထိုအရာမှာ ပျောက်သောသား/သမီး ကို အိမ်သို့ကြိုဆိုနေခြင်းဖြစ်သည်။