ခရစ်တော် ဖော်ဆောင်ပေးသော ပြောင်းလဲမှု
Description
ကျွန်မ၏ဘယ်ဘက်မျက်လုံးအနီးတွင် ယားယံသောအရေပြားအကွက်တစ်ကွက် ပေါ်လာသောအခါ မိတ်ကပ်လိမ်း၍ ဖုံးကွယ်ခဲ့သည်။ ဤအရာက ကျွန်မ၏ ပြဿနာကို ယာယီဖုံးကွယ်ပေးခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ရောင်ရမ်း နီရဲသောအစက်သည် မပျောက်ကင်းဘဲ ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း ကျွန်မသိလိုက်သည်။ ဆရာဝန်နှင့်ချိန်းဆိုထားသောမနက်တွင် ပုံမှန်အတိုင်း မိတ်ကပ် လိမ်းရန် ကျွန်မသွေးဆောင်ခံရသော်လည်း မလိမ်းခဲ့ပါ။ ဆရာဝန်သည် ပြဿနာကို ရှင်းရှင်းလင်းလင်းမြင်တွေ့ကာ ရောဂါကိုကုသပျောက်ကင်းရန် ကျွန်မအလိုရှိသောကြောင့် ဖြစ်သည်။
သင်သည် အပြစ်ပြဿနာတစ်ခုကို ဖုံးကွယ်ရန် ကြိုးစားဖူးပါသလား။ အချို့သောလုပ်ရပ် (သို့) အတွေးများက သင့်ကို ထိန်းချုပ်နေကြောင်း သင်သိသော်လည်း ၎င်းအတွက် ဆုတောင်းခြင်း (သို့) မိသားစုနှင့် သူငယ်ချင်းများအား ပြောပြခြင်းကို မပြုလုပ်ဘဲ ရှောင်ရှားခဲ့ဖူးပါသလား။ အခြားသူများစွာလည်း အလားတူပြဿနာ များကို ရင်ဆိုင်နေရသောကြောင့် ၎င်းသည် ကြီးကြီးမားမားကိစ္စမဟုတ်ဟု သင်ထင်ကောင်းထင်နိုင်သည်။ သို့သော် အပြစ်သည် ကျွန်ုပ်တို့၏ဘဝကို လျှို့ဝှက်စွာ ညစ်ညမ်းစေသောအခါ ဝိညာဉ်ရေးရာတွင် ရှင်သန်ကြီးထွားရန် မဖြစ်နိုင်ပါ။
သုတ္တံ ၂၈:၁၃ ၌ ဖော်ပြထားသည့်အတိုင်း၊ “မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ”နိုင်ပေ။ ကျေးဇူးတင်စရာကောင်းသည်မှာ “မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်”ဟု ထိုကျမ်းပိုဒ်၌ ဆက်လက်ဖော်ပြထားသည် (:၁၃)။
မိမိ၏လုပ်ရပ်များကို ဘုရားသခင်၏အမြင်ဖြင့် ရှုမြင်လက်ခံပြီး အချို့သော အလေ့အထများသည် မှားယွင်းကြောင်း ဝန်ခံရန် ခက်ခဲနိုင်သည်။ သို့သော် သူ၏ ကရုဏာတော်သည် ကျွန်ုပ်တို့ကိုယ်ကို နှိမ့်ချရန် လုပ်ဆောင်မှုကို လွယ်ကူစေသည်။ မိမိ၏ရုန်းကန်မှုထဲသို့ ခရစ်တော်၏ဝိညာဉ်တော်တန်ခိုးကို ခေါ်ဖိတ်ကြိုဆိုသော အခါ ကျွန်ုပ်တို့ကို သွေးဆောင်သောမှားယွင်းမှုကို ငြင်းပယ်နိုင်တော့သည် (ဂလာ ၅:၁၆-၁၇၊ ၂၂-၂၄)။ ကျွန်ုပ်တို့ကို ဘုရားသခင် လမ်းပြညွှန်သောအခါ ပြောင်းလဲမှု သည် ဖြစ်ပေါ်နိုင်ပြီး၊ ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာ ကျန်းမာရေးအတွက် အားထုတ်မှုမှာ ထိုက်တန်သည့်လုပ်ရပ်ဖြစ်သည်။
ဘုရားသခင်၏ထာဝရမေတ္တာသည် အဘယ်ကြောင့် ခွန်အားကိုဖြစ်စေသနည်း။
အပြစ်နှင့် ရုန်းကန်နေရစဥ် ရန်သူသည် သင့်ကို မည်သို့လှည့်စားနိုင်သနည်း။
ကိုယ်တော်ထံ အပ်နှံရန် ကူမတော်မူပါ။
သုတ္တံကျမ်း ၂၈း၁၃-၁၄တွင် မိမိတို့၏ အပြစ်များကို သိမှတ်ဝန်ခံသူတို့ထံသို့ သက်ရောက်သော မင်္ဂလာဖြစ်သည့် အပြစ်ဝန်ခံမှု၏အရေးပါပုံကို အလေးထားဖော်ပြထားသည်။ ဤကဲ့သို့ မရှိမဖြစ်အရေးပါသော အကြောင်းသည် ဓမ္မသစ်ကျမ်းနှင့် ဓမ္မဟောင်းကျမ်းတို့၏ အခြားနေရာအနှံ့တွင်ရှိသော သမ္မာကျမ်းစာ၏ သွန်သင်မှုများအတိုင်း မပြောင်းမလဲ တစ်သမတ်တည်း တည်ရှိသည်။ ဆာလံကျမ်း ၃၂ တွင် သုတ္တံကျမ်း၌ ဖော်ပြပါရှိသည့်အတိုင်း “မင်္ဂလာရှိ၏”၊ “ဖုံးအုပ်ခြင်း”၊ “ဝန်ခံမှု” စသည့်စကားလုံးများကို ဖော်ပြထားသည်။ “အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏။ ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွှတ်၍၊ လှည့်စားတတ်သောစိတ်သဘောနှင့် ကင်းစင်သောသူသည် မင်္ဂလာရှိ၏။” (ဆာလံကျမ်း ၃၂း၁-၂)။ “တစ်ဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏။ ပြုမိသောဒုစရိုက်အပြစ်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဖော်ပြတောင်းပန်မည်“(း၅)။ အထက်ပါ ဓမ္မဟောင်းကျမ်းပိုဒ်၌ ပါရှိသော အားပေးတိုက်တွန်းခွန်အားဖြည့်ထားသည့် ခံယူချက်သဘောထားများကို ရှင်ယောဟန်ဩဝါဒစာပထမစောင် ၁း၉ တွင်လည်း ဖော်ပြထားပါသည်။ “ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင် ၊ ငါတို့အပြစ် များကို လွှတ်၍၊ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။” မိမိ၏အပြစ်များကို ဖုံးကွယ်ခြင်းသည် မကောင်းသော၊ မမှန်ကန်သောသဘောဖြစ်ပြီး၊ အပြစ်များကို နှိမ့်ချစွာဝန်ခံကာ အပြစ်များမှ လှည့်ပြန်ကျောခိုင်းခြင်း အလင်းသို့ဝင်ရောက်ခြင်းက အသက်လမ်းသို့ ဦးတည်နေသည်။