ဘုရားသခင်၏ခွန်အား
Description
ခင်ပွန်းဖြစ်သူကွယ်လွန်သွားခြင်းက နိုရာအတွက် အပြောင်းအလဲကာလကို စတင်စေခဲ့သည်။ ခင်ပွန်း၏ကွန်ပြူတာပစ္စည်းလုပ်ငန်းကို ဆက်လက် ဦးစီးခဲ့ပြီး သူတို့၏ကလေးသုံးဦးကို သူမတစ်ဦးတည်း ပြုစုစောင့်ရှောက်ခဲ့သည်။ “အားယူ၍ ခိုင်ခံ့ပါ” ဟု မိတ်ဆွေများက သူမကို မကြာခဏ ပြောကြသည်။ သို့သော် ယင်းက ဘာကိုဆိုလိုသနည်း။ မိမိ၏တာဝန်များကို ပျက်ကွက်ခြင်းမရှိဘဲ ထမ်းဆောင်ရမည်ဟုဆိုလိုပါသလားဟု သူမတွေးမိသည်။
ဣသရေလလူတို့၏ အပြောင်းအလဲကာလတွင် ဘုရားသခင်သည် ဩသံယေလအား ကြီးမားသောတာဝန်များကို အပ်နှင်းခဲ့သည်။ ရုပ်တုကိုးကွယ်မှု အတွက် ဒဏ်ခတ်ဆုံးမသည့်အနေဖြင့် ဘုရားသခင်သည် ဣသရေလပြည်အား မေသောပေါတာမိရှင်ဘုရင် ခုရှံရှသိမ်၏လက်သို့ အပ်လိုက်ပြီး ဣသရေလ လူမျိုးတို့သည် ရှစ်နှစ်ကြာ သူ့လက်အောက်၌ ကျွန်ခံခဲ့ရသည် (သူကြီး ၃:၈)။ ထိုဘုရင်၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုအောက်တွင် ဣသရေလလူမျိုးတို့သည် “ထာဝရဘုရားထံသို့ အော်ဟစ်ခဲ့ကြပြီး”၊ “ဘုရားသခင်သည် သူတို့အတွက် ကယ်တင်သောသခင်အဖြစ် “ဘုရားသခင်၏ခွန်အား”ဟု အဓိပ္ပာယ်ရသောနာမည်ပိုင်ရှင် သြသံယေလကို ပေါ်ထွန်းစေတော်မူသည် (:၉)။
ဣသရေလပြည်၏ ပထမဆုံးသော တရားသူကြီးအဖြစ် ဩသံယေလ၌ သူ့အား ဆက်ခံမည့်သူမရှိခဲ့ပါ။ ဤစစ်ခေါင်းဆောင်ကြီးသည် ဣသရေလလူမျိုးတို့အား ဘုရားသခင်နှင့် ပဋိညာဉ်ပြုထားသည့် ဆက်ဆံရေးအတိုင်း ပြန်လည်အသက်ရှင်ရန် လမ်းညွှန်ပေးခဲ့ပြီး သူတို့၏ရန်သူများလက်မှ ကာကွယ်ပေးခဲ့သည်။ သို့သော် “ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်၌ သက်ရောက်သဖြင့်”(:၁၀) သူသည် အောင်မြင်ခဲ့သည်။ ဘုရားသခင်၏ခွန်အားက ဩသံယေလ၏ခေါင်းဆောင်မှုကို မစထောက်ပံ့ပေးခဲ့ပြီး သူကွယ်လွန်သည်အထိ အနှစ်လေးဆယ်တိုင် တစ်ပြည်လုံး ငြိမ်းချမ်းခဲ့သည် (:၁၁)။
ကျွန်မတို့ မည်ကဲ့သို့ စစ်မှန်စွာ “အားယူ၍ခိုင်ခံ့”နိုင်မည်နည်း။ မိမိသည် ခိုင်ခံ့ခြင်းမရှိကြောင်းကို သိမှတ်ခြင်းနှင့် ဘုရားသခင်က သူ၏ခွန်အားကို ကျွန်မတို့အား ပေးအပ်မည်ဟု ယုံကြည်ခြင်းအားဖြင့် ဖြစ်နိုင်သည်။ ဘုရားသခင်၏ “ကျေးဇူးတော်သည် [ကျွန်မတို့အတွက်]လုံလောက်ပြီး၊ [သူ၏] တန်ခိုးတော်သည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်”(၂ ကော ၁၂:၉)။ ဘုရားသခင်၏ခွန်အားသည် ကျွန်မတို့မှတစ်ဆင့် အလုပ်လုပ်လျက်ရှိပြီး သူသာလျှင် ပြုနိုင်သောအမှုအရာများကို ကိုယ်တော် ပြုပေသည်။
သင်၏သိနားလည်မှုကို ဩသံယေလ၏ဇာတ်လမ်းက မည်သည့်သက်ရောက်မှုဖြစ်စေသနည်း။
တရားသူကြီးမှတ်စာ ၂း၁၀-၁၉ တွင် တရားသူကြီးမှတ်စာတစ်ခုလုံးရှိ ပုံစံတစ်ခုကို ဖော်ပြထားသည်။ ထိုလူမျိုးတော်စုသည် “ထာဝရဘုရားကို အသိအမှတ် မပြုတော့ခြင်း” သို့မဟုတ် “ဣသရေလအမျိုးအဖို့ ပြုတော်မူသော (ကြီးမားသော)အမှုတို့ကို မသိမအောက်မေ့တော့ခြင်း”ကြောင့် သူတို့သည် ဖောက်ပြန်ကာ (၎င်းတို့၏ယုံကြည်ခြင်းကို စွန့်လွှတ်မျက်ကွယ်ပြုသည့်) အဖြစ်သို့ ရွေ့လျော့နိမ့်ဆင်း သွားတော့သည်။ ထို့ကြောင့် ဣသရေလလူတို့၏ရန်သူများ သူတို့ကိုအောင်နိုင်ရန် ဘုရားသခင်သည် သူတို့တစ်ဘက်၌ ဆန့်ကျင်လျက် ရန်သူများကို နှိုးဆော်ခဲ့သည်။(း၁၅)။ ထို့နောက် ဣသရေလလူမျိုး များ၏ “ညည်းတွားသံများ”(း၁၈)ကို ဘုရားသခင်သည် အဖြေပေးတုံ့ပြန်သည့် အနေဖြင့် ၎င်းတို့ကို ကယ်တင်ရန် တရားသူကြီးများကို ပေါ်ပေါက်စေခဲ့သည်။ တရားသူကြီးများ အသက်ရှင်သည့်ကာလပတ်လုံး ထိုလူမျိုးတို့သည် လုံခြုံမှုကို ရရှိကြ သော်လည်း (း၁၈)၊ တရားသူကြီးတစ်ပါး သေဆုံး သည်နှင့် ယုံကြည်ခြင်းကို စွန့်လွှတ်လျက် ရွေ့လျော့ခြင်းက တစ်ပတ်လည်ပြီး ထပ်ခါထပ်ခါ ဖြစ်နေပါ တော့သည်။ (း၁၉)။
တရားသူကြီးမှတ်စာ ၃း၇-၁၁ တွင် ဤပုံစံ၏ဥပမာနမူနာတစ်ခုကို ဖော်ပြထားသည်။ ဘုရားသခင်၏ အမြတ်ဒေါသကြောင့် ဣသရေလလူတို့ ရှစ်နှစ်တာ သူ့ကျွန်ဘဝရောက်ခဲ့သည်(း၈)။ သူတို့သည် ဘုရားသခင်ထံ ငိုကြွေးအော်ဟစ်ခေါ်သောအခါ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဥ်တော်၏ တန်ခိုးဖြင့် သူတို့ကိုကယ်တင်ရန် ဩသံယေလကို ချီးမြှောက်လျက် ပေါ်ပေါက်စေခဲ့သည် (း၉-၁၀)။ ဩသံယေလကို ဘုရားသခင်ခွန်အားပေး သကဲ့သို့၊ ကိုယ်တော်သာလျှင်ပြုနိုင်သောအမှုကို ကျွန်ုပ်တို့ အားဖြင့်ပြုရန် ဘုရားသခင်၏ခွန်အား၌ ကျွန်ုပ်တို့လည်း အမှီပြုနိုင်သည်။