ဘုရားသခင်ရှေ့တော်၌ ငြိမ်သက်ခြင်း
Description
ငါတို့ သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။ [ ရော ၅:၁ ]
ကျွန်မသူငယ်ချင်း၏မွေးနေ့တွင် သူမအား အဖော်ပြုလျက် အလှပြင်ဆိုင်သို့ သွားခဲ့စဉ်က ဆိုင်၏ဝန်ဆောင်မှုအပေါ် ကျွန်မတို့ နှစ်ဦးစလုံးကျေနပ်ခဲ့ကြသည်။ ငြိမ့်ညောင်းသောတေးဂီတသံတိုးတိုး ဖွင့်ထားပြီး၊ ဝန်ထမ်းတစ်ဦးစီက ကျွန်မတို့ကို ကြိုဆိုကာ ဆိတ်ငြိမ်သော မီးရောင်မှိန်မှိန်ထွန်းထားသောအခန်းသို့ ခေါ်သွားသည်။ ငြိမ်သက်အေးချမ်းမှု၊ တိတ်ဆိတ်မှုနှင့် ကောင်းစွာအနားယူရသောအခွင့်ကို ကျွန်မတို့ခံစားရသည်။ သို့ငြားလည်း စားပွဲပေါ်၌ “ဤသဘာဝဆံကေသာထိန်းသိမ်းမှုနည်းလမ်းသည် သင့်အား လှပသောဆံကေသာကိုပေးခြင်းထက်ပို၍ သင့်အား စိတ်ငြိမ်သက်မှုကို ခံစားရစေမည်”ဟူသော ကြော်ငြာကို ကျွန်မတွေ့လိုက်ရသောအခါ ခိုးပြီးရယ်ချင်စိတ်ကို မနည်းချုပ်တည်းခဲ့ရသည်။
ဆံကေသာဆိုင်ရာထုတ်ကုန်များသည် တည်မြဲသောငြိမ်သက်ခြင်းကို မပေးစွမ်းနိုင်ကြောင်း ကျွန်မတို့အားလုံးသိသော်လည်း၊ ဘဝ၌ စိတ်ဖိစီးမှုများရှိလာသောအခါ ခဏတာသက်သာမှုရရန် ထိုကုထုံးကို ခံယူကြသည်။ စင်စစ် စစ်မှန်သောငြိမ်သက်ခြင်းကို တစ်စုံတစ်ခုမှ ရရှိခြင်းမဟုတ်ဘဲ၊ တစ်စုံတစ်ဦးထံမှ ရရှိခြင်းဖြစ်သည်။ ပေါလုက ရောမမြို့ရှိ ယုံကြည်သူများအား တိုက်တွန်းခွန်အားပေးရာတွင် “ထို့ကြောင့် ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ ရောက်လျှင် ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏”(ရော ၅:၁)ဟု သတိပေးခဲ့သည်။
အပြစ်တရားက ကျွန်ုပ်တို့အား ဘုရားသခင်နှင့်ကွဲကွာစေခဲ့သည်။ သို့ရာတွင် ခရစ်တော် ၏ကိုယ်ကျိုးစွန့်ခဲ့မှုက ဘုရားနှင့်ကျွန်မတို့ ပြန်လည်မိတ်သဟာယဖွဲ့နိုင်ရန် လမ်းဖွင့်ပေးလျက် (၅:၉-၁၀)၊ “ယုံကြည်ခြင်းအားဖြင့် ဤကျေးဇူးတော်ကို ခံစားရ”ခွင့်(:၁)၊ “ဘုရားသခင်ဘုန်းတော်ကို မျှော်လင့်၍ ဝါကြွားဝမ်းမြောက်”ခွင့် (:၂)၊ “ဒုက္ခဆင်းရဲခြင်း များကြားမှ မျှော်လင့်ခြင်း(:၃-၄) တို့ကိုပေးလျက် ကျွန်မတို့အား ယနေ့နှင့် ထာဝရအတွက် ငြိမ်သက်ခြင်းကိုပေးနေသည်။ ဘုရားသခင်နှင့်ရန်ငြိမ်းခြင်းသည် ရိုးရိုးသာမန်ခံစားချက်ထက်ပိုပါသည်။ ၎င်းသည် သခင်ယေရှု၌ ယုံကြည်ခြင်းအားဖြင့် ခံစားရသောဆုကျေးဇူးဖြစ်သည်။ ကျွန်ုပ်တို့ ဘုရားနှင့်နီးသည်ဟု ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ၊ အလှပြင်ဆိုင်တွင်ဖြစ်စေ၊ ဆေးရုံ၌ဖြစ်စေ၊ ဆိတ်ငြိမ်ချိန်များ၌ဖြစ်စေ၊ ရှုပ်ထွေးချိန်များ၌ဖြစ်စေ သူ၏ငြိမ်သက်ခြင်းကို ရရှိခံစားရမည်ဖြစ်သည်။
အခြားသောငြိမ်သက်ခြင်း အခြေအနေကို ရှာဖွေရန်
သင်မည်သည့်အချိန်က သွေးဆောင်ခံခဲ့ရသနည်း။
သခင်ယေရှု၏ကိုယ်ကျိုးစွန့်ပေးဆပ်မှု
သခင်ယေရှုဘုရား၊ ကိုယ်အလိုအတိုင်း ကိုယ်ကျိုးစွန့်ပေးဆပ်မှုအတွက် ကျေးဇူးတင်ပါ၏။
ရှင်ပေါလုသည် “ထို့ကြောင့်”ဟူသောစကားလုံးဖြင့် ရောမဩဝါဒစာအခန်းကြီး ၅ကို အစပြုထားသည်။ ၎င်းမှာ “ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်”ကြောင်း(း၁) သူပြောပြီးသားအကြောင်းအရာကို မီးမောင်းထိုးဖော်ပြကာ၊ ထို့နောက် လက်တွေ့ကျကျ ကောက်ချက်ချမှုကို ညွှန်ပြထားသည်။ သခင်ယေရှုအားဖြင့် ထားရှိသည့် ဘုရားသခင်၏ ကတိတော်များကို ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာသို့ ရောက်သောသူများသည် (၄း၁၃-၂၅ကိုရှု) ဆင်းရဲဒုက္ခများကြားတွင် ကြံ့ကြံ့ခံနိုင်ကြသည်၊ အကျင့်သဘောထားများ ရင့်ကျက်လာသည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်နှင့် လွှမ်းခြုံပြည့်ဝမှု စသည့် (း၃-၅)၊ ဘုရားသခင်နှင့် ရန်ငြိမ်းခြင်းကို ခံစားဝမ်းမြောက်နိုင်ကြသည် (၅း၁)။
ဘုရားသခင်နှင့် ရန်ငြိမ်းခြင်းသည် သခင်ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့လက်ခံရရှိသော ဆုကျေးဇူးလက်ဆောင်ဖြစ်ပြီး၊ ကျွန်ုပ်တို့အသက်တာသစ်၏အစသာဖြစ်သည်။ ကျွန်ုပ်တို့သည် အနာဂတ် ဘုန်းအသရေအား မျှော်လင့်ခြင်းကို ကိုင်စွဲသောအခါ ၎င်းသည် ဆင်းရဲဒုက္ခများအားဖြင့် ကျွန်ုပ်တို့ရှင်သန် ကြီးထွားလာနိုင်သော အခြေခံအုတ်မြစ်ဖြစ်သည်။ အခြားသူများအတွက် ချစ်ခြင်းမေတ္တာဖြင့် မိမိအသက်ကို ပေးခဲ့ပြီး ကျွန်ုပ်တို့လိုအပ်သော ငြိမ်သက်ခြင်းကိုပေးခဲ့သည့် သခင်ယေရှုကဲ့သို့ ဘဝအသက်ရှင်သန်ရန် ကျွန်ုပ်တို့ကို သွန်သင်ပေသည်။