သမ္မာကျမ်းစာ၏ ချိုမြိန်မှု
Description
၁၉၅၉ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက် နေ့စဥ်ခွန်အား(Our Daily Bread)စာစောင်တွင် ဒေါက်တာ အမ်အာရ်ဒီဟန်း ရေးသားသော ဝတ်ပြုကိုးကွယ်ခြင်းစာမူ တစ်ပုဒ်ကိုဖော်ပြခဲ့သည်။ သူက ခရက်ကာဂျက်တံဆိပ် ပြောင်းဖူးပေါက်ပေါက်သကြားလုံး ဘူးကြီးတစ်ဘူးကို မည်မျှလိုချင်ကြောင်း ရေးခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ၎င်းကို သမ္မာကျမ်းစာအား ဆာငတ်တောင့်တမှုနှင့် ဆက်စပ်ပြရန်ဖြစ်သည်။ သို့သော် ရက်သတ္တပတ်အနည်းငယ်အကြာ၌ သူ၏ရုံးခန်းသို့ ခရက်ကာဂျက် ပြောင်းဖူးပေါက်ပေါက်ဘူးများစွာ စတင်ရောက်လာသဖြင့် သူအံ့သြခဲ့ရသည်။ သစ္စာရှိသော ဝိညာဉ်ရေးရာခွန်အားပေးစာကို ဖတ်ရှုသူများ အားဖြင့် ခရက်ကာဂျက်ကို တောင့်တသည့် သူ၏ဆန္ဒပြည့်ဝခဲ့သည်။
သမ္မာကျမ်းစာ၌ ပုံမှန်အချိန်ပေးမြှုပ်နှံမှု အလေ့အကျင့်ကို လျစ်လျူရှုရန် အမြဲ လွယ်ကူသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် “ပျားရည်ထက်ချိုသော” (ဆာ ၁၉:၁၀) အရာတစ်ခုကို တောင့်တရန် လိုအပ်သည်။ ဆာလံဆရာ ဒါဝိဒ်က ဘုရားသခင်၏ စကားများသည် “စုံလင်ဖြောင့်မတ်ပြီး စိတ်ဝိညာဉ်ကို လန်းဆန်းစေ”ကြောင်း၊ “ယုံကြည်စိတ်ချထိုက်ပြီး” ဉာဏ်ပညာအပြည့်ရှိကြောင်း(:၇) သိမှတ်ရန် အားပေးထားသည်။ သူက“ထာဝရဘုရား၏နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏”(:၈)ဟု ရှင်းပြသည်။
ဒေါက်တာဒီဟန်းက စာဖတ်သူများအား ကျမ်းစာနှင့် အပြန်အလှန်ဆက်သွယ် မှုကို အလေ့အကျင့်တစ်ခုအဖြစ် ပြုလုပ်ရန်၊ ချိုမြိန်သော ပေါက်ပေါက်ကို တောင့်တသကဲ့သို့ နေ့စဉ် တောင့်တမှုဖြစ်လာစေရန် အားပေးခဲ့သည်။ ကျွန်ုပ်တို့အတွက်လည်း ကျမ်းစာကို ပုံမှန်တွေးတောဆင်ခြင်ပြီး၊ သမ္မာတရားများအား တုံ့ပြန်သည့်အလေ့အကျင့်ကို ပျိုးထောင်ကြီးပွားစေရန် အရေးကြီးသည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို မစသည်နှင့်အမျှ “အကျွန်ုပ်ပြောသောစကားနှင့် စိတ်နှလုံး၏ အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေသော” (:၁၄) ဟု ပြောဆိုသော ဒါဝိဒ်ကဲ့သို့ ဖြစ်ကြပါစို့။
ကျမ်းစာသည် ရွှေငွေဘဏ္ဍာထက် ပို၍အဖိုးတန်ကြောင်း အခြားသူများအား မည်သို့မျှဝေနိုင်မည်နည်း။
ကိုယ်တော်၏ကျမ်းစာများအတွက် ကျေးဇူးတင်ပါသည်။
ကိုယ်တော်၏သမ္မာတရားကို သတိရရန်အတွက်
ထိုကျမ်းစာများနှင့် နေ့စဉ် ထိတွေ့တည်နေနိုင်ရန် ကူမတော်မူပါ။
ဆာလံကျမ်း ၁၉ တွင် ပါရှိသော ဒါဝိဒ်၏ နှုတ်ကပတ်တော်ကို ချစ်မြတ်နိုးခြင်းသည် (တရားတော်၊ သက်သေခံတော်မူချက်၊ နည်းဥပဒေသ၊ စီရင်တော်မူချက်) စသည်ဖြင့် သူအသုံးပြုထားသော သရုပ်ဖော် အသုံးအနှုန်းအားဖြင့် သက်သေထင်ရှားသည်။ “ရွှေထက်မက များစွာသောရွှေစင်ထက် နှစ်သက်ဖွယ်ဖြစ်”သည်(း၁၀)။ နှုတ်ကပတ်တော်သည် “စိတ်နှလုံးကို ရွှင်လန်းစေသည်၊ မလိမ္မာသောသူတို့ကို လိမ္မာစေသည်ပညာရှိဖြစ်စေကာ၊ ထိုးထွင်းဥာဏ်ကို ပေးစွမ်းသည်၊ ဝမ်းမြောက်ခြင်းနှင့် သတိပေးချက်များကို ဆောင်ကြဥ်းပေးကာ၊ ဆုလာဘ်အကျိုးကျေးဇူးများကိုလည်း ရရှိစေသည်(း၇-၁၁)။ ဘုရားသခင်၏နှုတ်တော်ထွက်ကို အလားတူ ချစ်မြတ်နိုးခြင်းကို ဆာလံကျမ်း ၁၁၉း၉၇-၁၀၄တွင်လည်း တွေ့ရှိရသည်။ ဒါဝိဒ်ကဲ့သိုပင် ဆာလံဆရာက နှုတ်ကပတ်တော်သည် “ပျားရည်ထက်သာ၍ချို”သည်ဟု ဖော်ပြထားသည် (၁၀၃)။ နှုတ်ကပတ်တော်တွင် အသက်ရှင်ခြင်းအတွက် ဥာဏ်ပညာကို တွေ့ရှိရပြီး၊ “နှုတ်ကပတ်တော်သည် (အကျွန်ုပ်တို့) ခြေရှေ့မှာ မီးခွက်ဖြစ်၍ (အကျွန်ုပ်တို့)လမ်းခရီးကို လင်းစေပါ”သည်(း၁၀၅)။ ဓမ္မသစ်ကျမ်းတွင် ရှင်ပေါလုက “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းဝောာ်မူသောအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း ၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။”ဟု ပြောထားသည်(တိမောသေဩဝါဒစာ ဒုတိယစောင် ၃း၁၆-၁၇)။ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်၏ ချိုမြိန်မှုကို မက်မောတောင့်တမှုဖြင့် ဖတ်ရှုကာ ၎င်းပါကျမ်းစကားများကို ဆင်ခြင်သုံးသပ်လိုက်လျှောက်သောအခါ ကျွန်ုပ်တို့သည်လည်း သမ္မာကျမ်းစာ၌ မွေ့လျော်ဝမ်းမြောက်ပြီး ၎င်းမှ ပေးလာသည့်ဆုလာဘ်များကို ရိတ်သိမ်းရမည်ဖြစ်သည်။