သခင်ယေရှုအတွက် မရှက်ကြောက်ပါ
Description
အကျဉ်းခံရသောသူဖြစ်သော ငါ့ကိုလည်းကောင်း ရှက်ကြောက်ခြင်း မရှိနှင့်။ [ ၂ တိ ၁:၈ ]
သခင်ယေရှု၌ တည်ကြည်သောယုံကြည်ခြင်းကြောင့် အသတ်မခံရမီ၊ နာမည် မှတ်တမ်းမတင်ရသေးသော အာဖရိကန်သင်းအုပ်ဆရာတစ်ဦးက“မာတုရ၏ ဆုတောင်းသံ”(A Martyr’s Prayer)ကို ရေးခဲ့သည်။ ရှေးခေတ်မှ ဤလေးနက်သော သတင်းစကားသည် “ရှက်ကြောက်ခြင်းကင်းသူတို့၏ မိတ်သဟာယ” (The Fellowship of the Unashamed) ဟုလူသိများလာသည်။
ဤသင်းအုပ်၏စကားများသည် သခင်ယေရှုကို ယုံကြည်သူအားလုံး အတွက် စိန်ခေါ်ချက်ဖြစ်ပြီး၊ တိမောသေအား တမန်တော်ပေါလု ပြောခဲ့သော “ငါတို့သခင်ဘုရား၏ သက်သေကိုလည်းကောင်း၊ ရှက်ကြောက်ခြင်း မရှိနှင့်” (၂တိ ၁:၈)။ “အကြောင်းမူကား သန့်ရှင်းသော ဝိညာဉ်တော်သည် ငါတို့အား “တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသော စိတ်သဘောကို ပေးတော်မူ၏”(:၇)ဟူသည့် စကားများကို ထင်ဟပ်သည့်စိန်ခေါ်ချက်ဖြစ်သည်။
စာထဲတွင် သစ္စာရှိသော အာဖရိကန်သင်းအုပ်ဆရာက ဤသို့ရေးသားခဲ့သည်။ “ကျွန်ုပ်သည် ရှက်ကြောက်ခြင်းကင်းသော မိတ်သဟာယ၏တစ်စိတ်တစ်ပိုင်း ဖြစ်ပါ၏။ ဆုံးဖြတ်ချက်ချပြီးပါပြီ။ ကျွန်ုပ်သည် [သခင်ယေရှု] ၏ တပည့်တစ်ဦးဖြစ်ပြီး၊ ကျွန်ုပ်သည် နောက်မဆုတ်၊ လက်မလွတ်၊ မတုံ့မဆိုင်း၊ နောက်ပြန်မလှည့်၊ ဒီအတိုင်း မနေပါ။ ကျွန်ုပ်၏အတိတ်ကို (သခင်)ရွေးနှုတ်ပြီး ဖြစ်သည်။ ကျွန်ုပ်၏ပစ္စုပ္ပန်မှာ အဓိပ္ပာယ်ရှိလျက် ကျွန်ုပ်၏အနာဂတ်လုံခြုံပြီ။ ကျွန်ုပ်သည် ယုံကြည်ခြင်းဖြင့် အသက်ရှင်၏။ မျက်မှောက်တော်ကို ခိုကိုး၏။ သည်းခံခြင်းဖြင့် လျှောက်လှမ်းကာ၊ ဆုတောင်းလျက် မျှော်လင့်ပါ၏။ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ကြိုးစားလုပ်ဆောင်ပါ၏”။
တိမောသေနှင့် ထိုသင်းအုပ်နှစ်ဦးစလုံးသည် ကျွန်ုပ်တို့ဘယ်သောအခါမျှ မကြုံနိုင်သော အခက်အခဲများကို ရင်ဆိုင်ခဲ့ကြသော်လည်း သူတို့၏ စကားများက မိမိ၏ယုံကြည်ခြင်း စမ်းသပ်ခံရသောအခါ ခိုင်ခံ့စွာ ရပ်တည်ရန် ကျွန်ုပ်တို့ကို စိန်ခေါ်သည်။ ဘုရားသခင်သည် “သူ၌ အပ်ထားသော—ကျွန်ုပ်တို့၏ဘဝနှင့် အနာဂတ်ကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင်တော်မူ”(:၁၂)ခြင်းကြောင့် ကျွန်ုပ်တို့သည် ရှက်ကြောက်ခြင်း မရှိနိုင်ပါ။
တိမောသေဩဝါဒစာဒုတိယစောင် ၁း၆-၁၄ တွင် ရှင်ပေါလုက တိမောသေအား ပေးသောအကြံဉာဏ်သည် မောက်မာသော၊ မထီလေးစားပေါ့တန်စွာ ပေးသော အကြံများ မဟုတ်ပါ။ ထိုအချက်ကို သူ၏ ဒုက္ခဝေဒနာကြားမှ ရေးသားခဲ့ခြင်းဖြစ်သည်။ စင်စစ် ထိုအချိန်တွင်လည်း သူသည် အကျဥ်းကျခံနေရပြီး မကြမမြင့်မီတွင် သူသေဒဏ် ချမှတ်ခံရတော့မည်ဟု နားလည်ထားသည်။ ”ငါ့ကို ယဇ်ပေါ်မှာ လောင်းရသောအချိန်ရှိပြီ။ စုတေ့ရသောအချိန် ရောက်လေပြီ” ဟု သူရေးသားခဲ့သည်(တိမောသေဩဝါဒစာ ဒုတိယစောင် ၄း၆)။ ထို့ပြင် ထိုအချိန်ကိုလည်း သူမျှော်လင့် စောင့်စားနေသည်။ အသေသတ်ခြင်းမတိုင်မီညက တပည့်တော်များအား သခင်ယေရှု သွန်သင်ညွှန်ကြား သကဲ့သို့ ရှင်ပေါလုသည်လည်း အမှုတော်တာဝန်ကို ဆက်လက်ထမ်းဆောင်မည့် သူ၏သားတပည့် အလုပ်သင်လေး တိမောသေ၏ ယုံကြည်ခြင်းနှင့်အမှုတော်ကို တိုးတက်စေရေးကိုသာ အာရုံစိုက်ခဲ့သည်။ “သင်၌ ဘုရားသခင်ပေးတော်မူသောဆုကို နှိုးဆော်မည်အကြောင်း ငါသည် သင့်ကိုသတိပေး၏” (၁း၆)၊ ”ဘုရားသခင်ပေးတော်မူသော တန်ခိုးကို ရသည်အတိုင်း ဧဝံဂေလိတရားနှင့်ဆက်ဆံ၍ ဆင်းရဲဒုက္ခကို ခံလော့”(း၈) ဟူ၍ တိုက်တွန်းခဲ့သည် ။ “ (သခင်ယေရှုသည်) သေခြင်း အကြောင်းကို ပယ်ရှား၍ အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူ၏” (၁၀)။ ထိုကယ်တင်သော သခင်ယေရှုခရစ်ပေါ်ထွန်းသည်အရာကို သူမျှော်လင့်စောင့်စားခြင်းကြောင့် သေခြင်းတရားကို ရှင်ပေါလု မကြောက်ပေ။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း စစ်ကြောခံရသောအခါ ကျွန်ုပ်တို့လည်း ခိုင်ခံ့စွာ ရပ်တည်နိုင်ပါသည်။